Monday, August 27, 2012

ယနေ့ ပုသိမ် မြင်ကွင်း (မြို့အဝင် အဝိုင်းကြီး နှင့် ကြေးရုပ်ကြီး)

ယနေ့ ပုသိမ် မြင်ကွင်း (မြို့အဝင် အဝိုင်းကြီး နှင့် ကြေးရုပ်ကြီး)
အဝေးရောက် ပုသိမ်သူ ပုသိမ်သားများအတွက် ရည်ရွယ်ပြီး ယနေ့ပုသိမ် မြင်ကွင်း ကဏ္ဍအဖြစ် မြို့တော်ပုသိမ်၏ လှပသော ဓါတ်ပုံများကို ရွေးချယ် ဖော်ပြသွားမည်ဖြစ်ရာ ယခုတစ်ခါ ပုသိမ်မြို့ အဝင်လမ်းဆုံရှိ အဝိုင်းကြီး နှင့် ကြေးရုပ်ကြီး ကို ဖော်ပြလိုက်ပါသည်။

မြို့အဝင် အဝိုင်းကြီးသည် ပုသိမ်မြို့အဝင်ရှိ လမ်းမကြီး ၄ ခုဆုံရာတွင် တည်ရှိပြီး ပုသိမ်မြို့၏ အကြီးဆုံး လမ်းဆုံ အဝိုင်းဖြစ်သည်။ ထိုနေရာကို ပုသိမ်သူ ပုသိမ်သားတို့က အဝိုင်းကြီး၊ ကြေးရုပ်ကြီး၊ ရုပ်ထုကြီး၊ လမ်းသစ်ခွ စသည်ဖြင့် အခေါ်အဝေါ် အမျိုးမျိုး ခေါ်ဆိုကြသည်။
အဝိုင်းကြီး၏ အပေါ်တွင် အမိမြန်မာပြည် နတ်သမီး ရုပ်ထုအား အလုပ်သမား လယ်သမား ကျောင်းသူ ကျောင်းသား အစရှိသည့် ပြည်သူများကို ဖော်ညွှန်းသည့် ရုပ်ထု ၆ ခုက ဝိုင်းရံထားသည်။ ထိုရုပ်ထု ၇ ခု၏ အောက်ခြေဘက်တွင် “ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်” ဟုသော ဆောင်ပုဒ်ကို ရွှေရောင် ဖောင်းကြွ စာလုံးများဖြင့် ရေးထိုးထားသည်။

ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမကြီးမှ လာလျင် အဝေးကပင် မျက်နှာချင်း ဆိုင်လျက် ထင်ထင်ရှားရှား လှမ်းမြင်နိုင်သော အဝိုင်းကြီး နှင့် ကြေးရုပ်ကြီးသည် ပုသိမ်မြို့၏ အကြီးဆုံး လမ်းဆုံ အဝိုင်း ဖြစ်ရုံသာမက ပုသိမ်မြို့တော်သို့ ဝင်ရောက်တော့မည် ဖြစ်ကြောင်း ဖော်ညွှန်းသည့် အမှတ်သင်္ကေတ တစ်ခုလည်း ဖြစ်သည်။

ရန်ုကုန်ဘက်မှ လာလျင် အဝိုင်းကြီးကို မပတ်ဘဲ ညာဘက်သို့ ချိုးပါက တောင်ပေါ်လမ်းသို့ ရောက်ရှိမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ချောင်းသာ-ငွေဆောင် သို့သွားရာ အဝေးပြေးလမ်းနှင့် ဒေသအခေါ် တောင်ပေါ်ဟု ခေါ်ဆိုသော အနောက်တောင် တိုင်းစစ်ဌာနချုပ်သို့ သွားရာလမ်းများသို့ ရောက်ရှိမည်ဖြစ်သည်။
အဝိုင်းကြီး ဘေးမှ ဝိုက်၍ တည့်တည့် ဆက်သွားပါက ပုသိမ်တက္ကသိုလ် တည်ရှိရာ တာလမ်းမကြီးဟု ခေါ်သော တက္ကသိုလ်လမ်းသို့ ရောက်ရှိမည်ဖြစ်သည်။ ထိုလမ်းအဆုံးတွင် ပုသိမ်တက္ကသိုလ် တည်ရှိပြီး ထိုမှတစ်ဆင့် ပုသိမ်မြို့ရှိ ရှခင်းတစ်ခုဖြစ်သော ကန်သုံးဆင့်သို့ သွားနိုင်သည်။
အဝိုင်းကြီးကို ပါတ်၍ ဘယ်ဘက်သို့ ကွေ့ပါက ပုသိမ်မြို့တွင်းသို့သွားရာ ပင်မလမ်းမကြီး ဖြစ်သော မဟာဗန္ဒုလလမ်းသို့ ရောက်ရှိမည်ဖြစ်သည်။ ထိုလမ်းမှ တစ်ဆင့် ပုသိမ်ဟိုတယ်၊ ပုသိမ်ဂေါက်ကွင်း နှင့် မြို့တွင်းသို့ သွားနိုင်ပါသည်။

ပုသိမ်တက္ကသိုလ်နှင့် နီးသော နေရာဖြစ်သောကြောင့် ညနေပိုင်း အချိန်များတွင် အဝိုင်းကြီး အနီး နှင့် ပုသိမ်တက္ကသိုလ် တစ်ဝိုက်ရှိ လက်ဖက်ရည်ဆိုင်များသည် လူငယ်များနှင့် စည်ကားလျက်ရှိသည်။ ညနေစောင်း အချိန်များတွင် မြို့တွင်းမှ လူကြီး လူငယ်အချို့ကလည်း ဆိုင်ကယ်စီး လေညှင်းခံရင်း အဝိုင်းကြီးဘက်သို့ လာလေ့ရှိသည်။

ယခင်က ညပိုင်း အချိန်များ၌ လေးဘက်လေးလံမှ ဆလိုက်မီးများ ထွန်းညှိထားသော အဝိုင်းကြီးအနီးတွင် ဆိုင်ကယ်ရပ်၍ အဝိုင်းကြီး ပါတ်လည်တွင် ထိုင်ရင်း ဂစ်တာတီးခြင်း ဝိုင်းဖွဲ့ စကားပြောခြင်း စသဖြင့် လူငယ်များဖြင့် စည်ကားနေသော ပုသိမ်ညခင်းကို မြင်တွေ့ရသည်။ အထူးသဖြင့် နှင်းများ မှုန်နေအောင် ကျတတ်သော ဆောင်းညများ ဆိုလျင် ဆိုဒီယမ် ဆလိုက်မီးများ ထိုးထားသော အဝိုင်းကြီး နှင့် ကြေးရုပ်ကြီး၏ နှင်းမှုန်များကြားရှိ လှပသော ညရှုခင်းသည် မမေ့ဖြောက်နိုင်စရာ မြင်ကွင်းတစ်ခုလည်း ဖြစ်သည်။
တက္ကသိုလ် ကျောင်းစာမေးပွဲများ အပြီးတွင် အဝိုင်းကြီးတွင် အပျော်လွန်ရင်း မကြာခဏ ခိုက်ရန် ဖြစ်ပွားတတ်ကြရာ ထိုသို့သော အချိန်များတွင် ဆရာ ဆရာမများကိုယ်တိုင် လာရောက် စောင့်ကြပ်ရလေ့ ရှိသည်ဟု တက္ကသိုလ်ကျောင်းသား ဘဝ အမှတ်တရများအဖြစ် ပြန်ပြောကြသည့် အကြောင်းအရာများတွင်လည်း အဝိုင်းကြီးသည် အမှတ်တရ နေရာတစ်ခုအဖြစ် မကြာခဏ ပါစမြဲဖြစ်သည်။

ယခုအခါ အဝိုင်ကြီး နှင့် ကြေးရုပ်ကြီးအား ရေရှည် ခိုင်ခန့်စေရန်အတွက် ပါတ်လည်ရှိ စင်္ကြန်ကို မြက်ခင်းအလှ စိုက်ပျိုးပြီး သံပန်းများ ခတ်ကာ ကာရန်လိုက်သောကြောင့် အဝိုင်းကြီး ပါတ်လည်နှင့် အဝိုင်းကြီး အပေါ်သို့ တက်ရောက်ခွင့် မရတော့ချေ။ မည်သို့ပင်ဖြစ်စေ အဝိုင်းကြီးသည် ပုသိမ်မြို့တော်၏ အထိမ်းအမှတ် သင်္ကေတတစ်ခု အနေဖြင့် ကျက်သရေရှိစွာ လှပနေဦးမည် ဖြစ်သည်။

PatheinCity News | Photo:Ak2O

No comments:

Post a Comment