
ယခုနှစ် မိုးကာလအတွင်း စံချိန်တင် မိုးရွာသွန်းမှုများ နှင့် ဧရာဝတီဖြစ်ကြောင်း အပေါ်ပိုင်းမှ စီးဆင်းလာသော ရေများ ဝင်ရောက်လာမှုတို့ကြောင့် ပုသိမ်မြို့ရှိ ရပ်ကွက်များ ရေဘေးအန္တရယ် ကြုံတွေ့လျက်ရှိရာ လာမည့် ဝါခေါင်လပြည့် လကွယ်ရက်များတွင် ဒီရေမြင့်တက်တိုးဝင်မှုကိုပါ အမြင့်ဆုံး ကြုံတွေ့ရမည် ဖြစ်သောကြောင့် ပုသိမ်မြို့၏ ရေဘေးအန္တရယ်သည် အစိုးရိမ်ရဆုံး အနေအထားသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ဇူလိုင်လလည်မှ စတင်၍ ငဝန်မြစ်ရေ မြင့်တက်လာခြင်းကြောင့် ပုသိမ်မြို့၏ အနိမ့်ပိုင်းဒေသများ ဖြစ်သော ငဝန်ကျွန်းသာ၊ စကားဝါ၊ ရွှေဝါထွန်း စသော နေရာများတွင် ရေစတင် ဝင်ရောက်လာပြီး သြဂုတ်လဆန်းပိုင်းတွင် မိုးအဆက်မပြည် သည်းထန်စွာ ရွာသွန်းမှု၊ မြစ်ကြောင်းများမှ စီးဆင်းလာသော အထက်ရေ ကျဆင်းမှုတို့ကြောင့် ရေကြည်ဦး၊ မာဓ၊ ရာမည၊ ပန်းဆက်၊ ဧရာမင်း၊ ရွှေနှင်းဆီ၊ ပြည်တော်သာ၊ ရွှေဝတ်မှုံ စသော မြို့ပေါ်နေရာ အများအပြားသို့ ရေများ ဝင်ရောက်လာခဲ့ရာ နီးစပ်ရာ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီး ကျောင်းများတွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားပြီး လာရောက်ခိုလှုံသူများ များပြားလျက်ရှိကြောင်း သိရသည်။
ပုသိမ်မြို့တွင် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းလျက်ရှိရာ သြဂုတ်လ ၁၅ရက်နေ့ မိုးရေချိန်မှာ ၆.၆၂ လက်မရှိပြီး မြန်မာနိုင်ငံ တစ်ဝမ်းလုံးတွင် ထိုနေ့က ရွာသွန်းသည့် မိုးရေချိန်များတွင် အများဆုံးဖြစ်သည်။ ထို့အပြင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သြဂုတ်လ ၁၆ ရက်နေ့ ထုတ်ပြန်ချက်များ အရ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ သြဂုတ်လ ၁၆ ရက်နေ့အထိ (၇လတာ ကာလာအတွင်း) ပုသိမ်မြို့တွင် ရွာသွန်းခဲ့သော မိုးရေချိန်သည် ၁၀၇.၂၄ လက်မအထိ ရှိလာပြီ ဖြစ်ပြီး ပုသိမ်မြို့၏ တစ်နှစ်တာကာလအတွင်း ရွာသွန်းလေ့ရှိသော နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန် ၁၀၃.၆၆ လက်မအား ကျော်လွန်သွားပြီး ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြို့ပေါ်ရပ်ကွက် အတော်များများ ရေလွှမ်းမိုးလျက် ရှိသောကြောင့် လူနေထိုင်၍ မရတော့သော ရပ်ကွက်များရှိ ပြည်သူများသည် နီးစပ်ရာ ကယ်ဆယ်ရေး စခန်းများတွင် လာရောက်ခိုလှုံနေကြပြီး လက်ရှိအချိန်အထိ ပုသိမ်မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်း ၁၉ ခုတွင် ရေဘေး ဒုက္ခသည်ပေါင်း ၄၀၀၀ ကျော်ခန့် ရှိလာပြီဖြစ်ကြောင်း လူမှုရေး အသင်းတစ်ခုမှ ရေးဘေး ကယ်ဆယ်ရေး ဆောင်ရွက်နေသူ တစ်ဦးက ဆိုပါသည်။ ကယ်ဆယ်ရေး စခန်းများတွင် လူများ ပိုမိုများပြားလာသည်နှင့်အမျှ အစားအစာအပြင် အဝတ်အစားနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုလိုအပ်လျက်ရှိကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ကြောင်းများမှ အထက်ရေ စီးဆင်းမှုတို့ ဆက်လက်ဖြစ်ပေါ်လျက် ရှိပါက ပုသိမ်မြို့တွင် နှစ်စဉ် ဝါခေါင် လပြည့်လကွယ် ရက်များတွင် အမြင့်ဆုံးဒီရေ တိုးဝင်လေ့ရှိရာ လာမည့် ဝါခေါင်လကွယ် နောက်ပိုင်းအထိ ရေဘေးအန္တရယ်မှာ ဆက်လက် ဆိုးရွားဖွယ်ရှိကြောင်း ဒေသခံများက ခန့်မှန်းကြသည်။
PatheinCity News | မြို့တော်ပုသိမ်သတင်းစဉ်
- အမှတ် ၆ ရပ်ကွက်ရှိ ကယ်ဆယ်ရေးစခန်းအတွင်း လာရောက်ဝေငှသည့် အစားအစာများကို ရေဘေးဒုက္ခသည်များ ရယူစဉ်
- ပန်းဆက် ရပ်ကွက်ရှိ ဒုက္ခသည် စခန်းတစ်ခုအတွင်း မြင်ကွင်း
- သြဂုတ်လ ၁၆ ရက်နေ့က မြင်တွေ့ရသည် ပုသိမ် မြို့နယ်စည်ပင်သာယာရေးရုံးရှေ့ မြင်ကွင်း
Related Posts
This entry was posted
on Friday, August 17th, 2012 at 3:46
am and is filed under ပုသိမ်သတင်း, မြန်မာ့သတင်း.
You can follow any responses to this entry through the RSS 2.0 feed.
You can leave a response, or trackback from your own site.












































